Welcome

Dec 25, 2011

ည ..အကြေ




ည ..အကြေ

ဘယ်အရာက အဆုံးသတ် မှာလဲ ..?
ပုံပျက် ပန်းပျက် ညတစ်ည ရဲ့ နိဂုံး ထဲ
ဘယ်လိုမျိုး သတ်မှတ်ချက်နဲ့ များ
ငါ ကြေးစားဆန်ပြရအုံးမှာလဲ ...။

စိတ်လိုလက်ရ မှားနေကျ ကံတရား နဲ့
လေးဘက်လေးနံ ၀ိုင်းနေတဲ့ ပြဿဒါးတွေ ကြား
ဘယ်သူကများ
အချစ်ဆိုတာ ရယူခြင်းလို သတ်မှတ်လိုက်တာပါလိမ့် ..
ဟော .. ကြည့် ပြောရင်း .
အိပ်မက် တစ်ခြမ်း ပုတ်သွားပြီ ...။

အကောင်းဆုံးတွေကြီး သီကုံး ခဲ့ပေမယ့်
စကားလုံးတွေ ငွေနံ့ ဖုံးတော့
ပြက်လုံး တွေ အဖြစ်ပြောင်းသွားတယ် ..
ကဲ .. ကံကြမ္မာ ရဲ့ ဆက်ထုံးတချို့
ဒီမှာ ပဲ ဆုံးပြီတဲ့ ...။

သင့်ရုံ ၀ါးမျိုး ခဲ့တာ မှ မဟုတ်ပဲ
မာယာ တွေနဲ့ မျှားခေါ်တဲ့
အလွမ်း လက်အောက်ခံ နယ်ပယ်ထဲ
ဒါဏ်ရာတွေ ထူသွားတာက လွဲလို့
တချို့ ဆန္ဒတွေတောင် ပင့်သကူ ပစ်လိုက်ရတယ် ....။

အလွမ်းဆိုတာက ခံစားချက်တစ်ခု နဲ့
အလဲအထပ် လုပ်ထားရတဲ့ ပညတ်ချက် ပဲ
အနည်းအများ မပြောနဲ့
နောင်တတွေ မမီခင်
ပြေးရင်းလွှားရင်းနဲ့ပဲ ပင့်သက်တွေ ထုပ်သိမ်း ထားလိုက်တယ် ..။

စိတ်ကူး နဲ့ ဆ ဆ ပစ်ရတဲ့ အကွာအဝေးက
ဘယ်ဘ၀ ထိ ရောက်မှာမို့လဲ ..
လွှင့် ပစ်လိုက်တိုင်း .. လွှင့် ပစ်လိုက်တိုင်း ..
အသစ်အဖြစ်ပြောင်းပြောင်းသွားတဲ့ တစ်သက်စာ အမှတ် တွေက
ညတစ်ည ရဲ့ အဆုံးမှာပဲ လာလာ တစ်တာ ဆိုးတယ်....။

ဟစ်ကြွေး နေတာ မဟုတ်ပါဘူး ..
ကမ္ဘာဦး လက်ကျန် ဂီတက ပွဲတော်အစ မှာပဲ ချိပ်ပိတ်ခံလိုက်ရတာ ..
အဆိပ်နဲ့ လူးလို့ မြားနဲ့ အပစ်ခံလိုက်ရတာ ..
အဲ့ဒါနဲ့ ပဲ ..
ကိုယ့် ညကို ပြန်ခေါက်သိမ်း ..
ငါ့ကိုယ်ငါ တွန့်ကြေသွားတဲ့ အထိ တက်နင်းပစ်လိုက်တယ် ....။



( လွင့်ရာဝေ )

Oct 30, 2011

ကိုယ့် ပေါင် ကိုယ် လှန် ထောင်း ခြင်း




တချို့ အကြောင်း အရာ တွေကို အွန်းလိုင်းပေါ် တင်သင့် မတင့်သင့် ကို အတော် စဉ်းစားရပါတယ်..။လူမှုရေး အကြောင်း ၊ ကျမ်းမာရေး အကြောင်း ၊ စီးပွားရေး အကြောင်း ၊ နှလုံးသားရေး အကြောင်း စသည်ဖြင့် အွန်လိုင်းပေါ်ကို ကျွန်တော်တင်တော့မယ်ဆို အရင်ဆုံး စဉ်းစားပါတယ်..။ တသီးပုဂ္ဂလ စံနေသလား..။အများလက်ခံ နိုင်လောက်မဲ့ အကြောင်းအရာမျိုး ဖြစ်နိုင်ရဲ့လား .. ။ တခါတလေ ကိုယ်ရေးပြီးသားတောင် မသင့်တော်ဘူးထင်တဲ့ ပိုစ့် တွေ ရှိပါတယ်..။ အဲ့ဒါတွေ ဆို မတင်ဖြစ်ပါဘူး .. ။( ပုံမှန်အားဖြင့်တော့ ကျွန်တော်ဟာ ကဗျာတွေ ပဲ အရေးများပါတယ် ) အခု လဲ ဒီ အဖြစ်မျိုး နဲ့ ကျွှန်တော် တွေ့နေပါပြီ ..။ ဒါဟာ ယဉ်ကျေးမှု နဲ့သက်ဆိုင်သလား .. ၊ လူမှုရေး နဲ့သက်ဆိုင်သလား..၊ ဘာသာရေး နဲ့ သက်ဆိုင် သလား ဆိုတာကို တော့ ဖတ်ပြီမှ ဆန်းစစ် ကြည့်ကြပါ .. ။ သေချာတာကတော့ ကျွန်တော်ဟာ ဒီပိုစ့် ကိုအများ လက်သင့် ခံနိုင်ပါစေ ဆိုတဲ့ စေတနာ နဲ့ ပဲ ရင်နာနာ တင်ဖို့ ဆုံးဖြတ်လိုက်တာပါ....။

အကြောင်းအရာကတော့ ကျွန်တော်တို့ မန္တလေး နဲ့ သတ်ဆိုင်ပါတယ်...။ အထူးသဖြင့် ဘုရားကြီး ( မဟာမုနိ ရုပ်ရှင်တော် မြတ်ကြီး ) နဲ့ သက်ဆိုင်ပါတယ်...။ မန္တလေး ဘုရားကြီး ဆိုတာ ပြည်တွင်းမှာသာ မက ကမ္ဘာ မှာတောင် ထင်ရှားတဲ့ မြန်မာနိုင်ငံ ရဲ့ အထင်ကရ အထွက် အမြတ်ထားကြတဲ့ နေရာပါ ...။အထက်မြန်မာပြည်ကို လာရင် ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင် မက လို့ ဘယ်လူမျိုး ၊ဘယ်ဘာသာ ၀င်ပဲ ဖြစ်ဖြစ် မ၀င်မဖြစ် ၊မသွားမဖြစ် သွားကြတဲ့ နေရာဆိုလဲ မမှားပါဘူး...။အထူးသဖြင့် တိုင်းတပါး လူမျိုးခြား တွေ လည်ပတ်တဲ့ အခါ ဘုရားကြီး ဆိုတာ ကျွန်တော်တို့ မန်းသားတွေ ရဲ့ တန်းဖိုး အရှိဆုံး ဂုဏ်ယူစရာ ဖြစ်ပါတယ်...။

ဒါပေမယ့် တချို့ တချို့ သော ကိစ္စတွေ ဟာ ကိုယ့်လူမျိုးခြင်း ၊ ကိုယ့် ပတ်ဝန်းကျင်ခြင်း၊ ကိုယ့် အထွာ ၊ ကိုယ့်အတိုင်း နဲ့ အံဝင် ခွင်ကျ ၊ မြင်နေကျ ၊ ထုံးစံ ဖြစ်နေတာပဲ လို့ ထင်ရပေမယ့် လူမျိုးခြားတွေ ရဲ့ အမြင်မှာ အထင်သေးစရာ ၊ ကဲ့ရဲ့ စရာ ၊ ဂုဏ်သိက္ခာ ညိုးနွမ်း စရာ တွေအပြင် ၊ မွန်မြတ်ပါတယ် ဆိုတဲ့ နေရာကိုတောင် အမြင်တမျိုးတွေ ဖြစ်လောက်အောင်ကို အရုပ်ဆိုးလွန်းနေပါတယ်..။ ဒီအထဲက မှ ကင်မရာ တွေ အခွန်ဆောင် တဲ့ ကိစ္စပဲ ကြည့်ပါ .. ဘုရားကြီးမှာ နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ယောက် ကင်မရာ ပါရင် (2000)ကျပ် ပေးရပါတယ် ... တကယ်ဆို များပါတယ်..။ထားးပါတော့ ဒါကတော့ ဘုရားဂေါပက လူကြီးတွေ သတ်မှတ်ချက်ပါ..။ အဲ ဆိုးတာက အဲ့က ၀န်းထမ်းတွေရဲ့ အပြု အမှုပါ..။ ကင်မရာ ပါရင် ကို မဖြစ်မနေ အခွန်ဆောင်ခိုင်းပါတယ်.. အတင်းရော ဇွတ်ကော .. မရမက ပါပဲ..။ တကယ်ဆို အဲ့ဒီ မှာ တိုးဂိုက် ပါပါတယ် .. ယဉ်ကျေးမှု အရ တိုးဂိုက် ကို နားလည်အောင် ပြောရင် အဆင်မပြေ စရာ မရှိပါဘူး .. တချို့ ပိုက်ဆံ ကြည့်တဲ့ ဧည့်သည် တွေကျတော့ (2000) က များတယ် ဆိုပြီး ၀င်ကြည့်မယ် .. ရိုက်စရာ ရှိရင် ရိုက်မယ်.. အပြန် ပိုက်ဆံ ပေးမယ်.. မရှိရင် မရိုက်ဘူး.. အဲ့လို မျိုး..။ အဲ့ဒါမျိုး ဆို နားလည်မှု ရှိရှိပဲ တိုးဂိုက်နဲ့ ညှိ့ပြီး လွှတ်ပေးသင့် လွှတ်ပေးသင့်ပါတယ်..နောက်ပြီး တိုင်းတပါးသားက အဲ့လိုမျိုးလဲ မလုပ်ပါဘူး .. တိုးဂိုက်က လဲ အဲ့လိုလုပ်ဖို့ တွန်းအားမပေးပါဘူး...။ အခု တော့ သွားလေရာ နောက်က တကောက်ကောက်လိုက် ဘေးကနေ ပိုက်ဆံ ပိုက်ဆံ အဲ့လို တပူစာစာ လုပ်နေတော့တာပါပဲ ( စဉ်းစား ကြည့်မိပါတယ် အဲ့ပိုက်ဆံ ကလဲ ဂေါပက လူကြီးတွေလက်ထဲပဲ ရောက်သလား ၊၀န်ထမ်း တွေ လက်ထဲပဲလား .. အကယ်လို့ ရောက်ခဲ့ ရင်ရော ကင်မရာ တစ်လုံး (2000) ဆိုတဲ့ ပိုက်ဆံ ပမာဏကို ဘယ်လို နေရာ မျိုးမှာ သုံးသလဲ ဆိုတာပါပဲ).. ..။

အဲ့ဒါက တစ်ခုပါ...။ နောက်တစ်ခုကတော့ ဘုရားကြီး ပတ်ဝန်းကျင်နဲ့ ရင်ပြင်တော် အကြောင်းပါ..။ ဘုရားကြီး ပတ်ဝန်းကျင် ဆိုတဲ့နေရာ မှာ အရှေ့ ၊ အနောက် ။ တောင် ၊ မြောက် က အ၀င် စင်္ကြန်လမ်း တွေ အပြင် လိပ်ကန် ငါးကန် ဗုဒ္ဓ၀င်ပြခန်းတွေ ပါပါတယ်.. ။အဲ့နေရာ တွေမှာက အမြင်မတော်တာက ဈေးသည်တွေပါ..။ စင်္ကြန် မိန်းလမ်းက ဆိုင်တွေကတော့ ဆိုင်ခန်းတွေနဲ့ဆိုတော့ မပြောလိုပါဘူး ...။ ဆိုးတာက ဗုဒ္ဓ၀င်ပြခန်း နဲ့ လိပ်ကန် ဘက်က ဈေးသည်တွေပါ...။ အသုပ်သည်.. အကြော်သည်..မြေပဲပြုပ်.. ပြောင်းဖူးပြုပ်သည် နောက်ဆုံး ရက်ဆား လေပုတ်ထုပ် သည် တောင် ရှိပါတယ် ... ။ အဲ့ဆိုင်တွေက လမ်းပေါ် စားပွဲခုံချ ဖင်ထိုင်ခုံ ချ ရောင်း ..။ ရောင်းတဲ့လူ ရှိတော့လဲ စားတဲ့လူလဲ ရှိပါတယ်..။ စဉ်းစားကြည့်ပါတယ် .. ဒါဟာ ဘုရား နယ်နိမိတ်ပါ...ပန်းခြံ မဟုတ်ပါဘူး ..။ ဈေးရောင်း ဖို့ နေရာ သီးသန့် နေရာ ရှိပါတယ် .. ဒါတွေကို တာဝန်ရှိသူတွေက မပြောဘူးလား..၊ ပြောရဲ့ သားနဲ့ ထွက်နေတာလား .. ဒါဆိုလဲ ဒါဏ်ရိုက်ပေါ့ .. ဒါမှမဟုတ် ဒါဏ်ရိုက် ပြီးတော့ မှ ပြန်ထွက်ခိုင်းနေတာလား စဉ်းစားစရာပါ..။ အဆိုးတကာ့ အဆိုးဆုံးပြောစရာက တော့ ဈေးရောင်း နေကြတဲ့ အတွက် ဘုရားကြီး ရင်ပြင်တော်ဆိုရင် အမှိုက်တွေ အညစ် အကြေးတွေနဲ့ ညစ်ပတ်နေတာပဲ ...။ တချို့ တိုင်းတပါးဧည့်သည် တွေက ဆို ရောက်ခဲ့ဖူးသမျှ တန်ခိုးကြီးဘုရားတွေ ထဲမှာ ဘုရားကြီးက အညစ်ပတ်ဆုံးတဲ့ ...။ ကျွန်တော်တို့ ဘာပြန်ပြောမှာလဲ ..။ ရန်ကုန် က ရွှေတံဂုံ စေတီတော်မြတ်ကြီ်းနှင့် နှိုင်းယုဉ်ကြည့်စေချင်ပါတယ်..။ ရွှေတံဂုံတော်ရဲ့ရင်ပြင်ဟာ.... ဘုရားကြီး ရင်ပြင်တော်ထပ် ပိုကျယ်ပါတယ်.. ပိုလဲ တောက်ပြောင်ပါတယ်.. ပိုလဲ သန့်ရှင်းပါတယ် ...။ ကျွန်တော်တို့ရဲ့ နှစ်ပေ တစ်စိတ်လောက်ရှိတဲ့ ဘုရားကြီး ရင်ပြင်တော် ဘာလို့ သန့်ရှင်းအောင် မလုပ်နိုင်ရတာလဲ .. ဘာလို့ စည်းကမ်း ရှိအောင် မလုပ်နိုင်ရတာလဲ .. ။ ဘာကြောင့်လဲ ?တာဝန်ပိုင်းလား.?. ၀တ္တရားပိုင်းလား ?.. စီမံ ခံ့ခွဲမှု အပိုင်းလား..?.။

ထပ်ပြောပါအုံးမယ် ...။ ဘုရားကြီး အတွင်းပိုင်းက အရုပ် အဆိုးဆုံး အပိုင်းပါ..။ဘာလဲ ဆိုတော့ ဘုရားဖူး တွေ ခရီးသွားတွေဆီက အဿပြာငွေ လိုက်လံတောင်းရမ်းကြတဲ့ အရွယ်စုံ လူတွေပါပဲ ...။ဒါကတော့ မရှိလို့တောင်းစားတာပဲ လှုရင် ကုသိုလ်တောင်ရသေးတယ်လို့ ပြောလို့ရပေမယ့် ဘုရားကြီးလို တိုင်းတပါး လူမျိုးခြား တွေ အများဆုံး ၀င်ထွက်သွားလာ တဲ့ နေရာမျိုးမှာ ဒါဟာ ရှိသင့်ပါသလား .. ပိုမသင့်တော်တာက လ သားလောက်ရှိတဲ့ ကလေး လေးကို သုံးနှစ်သား လေးနှစ်သား လောက်ရှိတဲ့ ကလေးတွေက ချီပြီးတကောက်ကောက် လိုက်တောင်းတာပါပဲ ... ။ရင်ပြင်တော်က သမံတလင်းပါ .. မတော်ခြေချော် လဲခဲ့သည် ရှိသော်....။ ဒါတွေ ကိုကော တာဝန်ရှိသူတွေ က မတားမြစ် မပိတ်ပင်ဘူးလား.. ဒီအတိုင်းကြည့်နေတာလား ...။ သေချာတာကတော့ နိုင်ငံခြားဧည့်သည်တွေ အခွန် (2000) ပေးဆောင်လိုက်ရတဲ့ ကင်မရာတွေ ထဲမှာ အဲ့ဒီ ညစ်ပတ်နေတဲ့ ပတ်ဝန်းကျင် နဲ့ တောင်းရမ်း နေကျတဲ့ ကလေးတွေ ပုံတွေပဲ အများဆုံးပါတယ်ဆိုတာပါပဲ ..။သူတို့တွေ ရဲ့ စိတ်ထဲမှာလဲ ဘယ်လို ကောက်ချက်မျိုး ရှိမယ်ဆိုတာ ကျွန်တော်တို့ မစဉ်းစားကြည့်တာ အကောင်းဆုံးပါပဲ...။ တချို့ ဧည့်သည်တွေ ကဆို သူတောင်းစားဘုရား လို့တောင် နှုတ်က ဖွင့်ပြောသွားကြတာ ရှိပါတယ် .....။

ရှိပါသေးတယ်...အများကြီး ရှိပါသေးတယ်..။ဇောင်းတန်းတွေမှာ ပိုးလိုးပက်လပ် အိပ်နေတာတွေ ဆိုရင်လဲ မသင့်တော်တဲ့အပြု အမှု မျိုးတွေ ပါပဲ ..။ အဲ့တော့ ကျွန်တော် ပြောချင်တာက ဒီအကြောင်းအရာတွေ အားလုံးဟာ ကျွန်တော်တို့ အမြင် ၊ ကျွန်တော်တို့ ၀န်းကျင်နဲဆိုရင် ဘာမှ မဟုတ်ပါဘူး .. ဒါပေမယ့် တိုင်းတပါး အမြင်မှာတော့ ဒါတွေဟာ ကျွန်တော်တို့ ယဉ်ကျေးမှုကို ထိခိုက်စေ သလား .၊ ဘာသာရေးကို ထိခိုက်စေသလား ၊ လူမျိုးကို ထိခိုက် စေသလားဆိုတာတွေကို စဉ်းစားသင့်တယ် ဆိုတာပါပဲ ...။ အခု ဒီပိုစ့်ကို ရေးပြီးတင်လိုက်တဲ့ အတွက် တစ်ခုခု သော်လည်းကောင်း ၊ တစ်ဦးဦးသော် လည်းကောင်း ပြောခဲ့သော အကြောင်းအရာတွေ ကိုလက်သင့်ခံ ပြောင်းလဲ ခဲ့မယ်ဆို ကျေနပ်ပါတယ် .... ။

ကျေးဇူးတင်ပါတယ်...........။ ။





မှတ်ချက် ။ ။ ကျွန်တော်သည် ယခု ပိုစ့်အား ( 28.1.2010)မှာ ရေးသားခဲ့ပြီး အခြားဆိုဒ်တစ်ခုမှ တင်ခဲ့ပြီးဖြစ်ပါသည် ..။ တစ်နှစ်နီးပါးကြာမြင့်ခဲ့သောအခါ ဘုရားကြီး၏အရိပ်လက္ခဏာသည် ပုံမှန်ထက် တောက်ပြောင်လာသည်မှာ မှန်သော်လည်း( တောက်ပြောင်လာသည် ဆိုရာတွင် ယခင်ရှိပြီးသား ပန်းခြံကို ပြုပြင်မွန်းမံလိုက်ခြင်းကြောင့်ဖြစ်နိုင်ပါသည် ) အထက်တွင်ပြောခဲ့သော အကြောင်းအရာများ မည်မျှပြောင်းလဲသွားသည်ဆိုသည့်အဖြေကတော့ ယခုပိုစ့်အား ဒုတိယ အကြိမ် ထပ်တင်လိုက်ရခြင်းပါပဲ ...။

Sep 23, 2011

အဖြူရောင် ကောင်းကင် ၏ ရိတ်သိမ်းရန် ကျန်သော သက်တံ့ များ ( ၂ )




တန်းဖိုးခြင်း မညီနိုင်တဲ့ ငါတို့ရဲ့ ကိန်းသေ မှတ်တမ်းမှာ ..

ဘယ်လိုအဖြည့်ခံ ဇာတ်လမ်းမျိုး နဲ့ ဆက်ကရမလဲ ဆိုတာ ...

ငါ့ကို ပြောခဲ့ပါလား ..... ၀သုန် ..

.................... ပြောခဲ့ပါလား .. ဟာ .....။


ထပ်တူကျခြင်း ဆိုတာ ငါနားမလည်ခဲ့ဘူး .... ၀သုန် ..

ရိုးသားမှု ဆိုတဲ့ ကြိုးက အချင်းချင်း ထားလဲ မငြှိ့ခဲ့သလို ..

နင် မသိခဲ့တဲ့ ငါ့ရဲ့ ပြောင်းလဲခြင်း ဆိုတာလဲ ...

သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ မသိလိုက်မသိဖာသာပါပဲ .....

အဲ့သလိုပဲ .. ၀သုန် ...


နှုံချာမှု ဆိုတာ မကောင်းမှန်း သိပေမယ့်

ငါ့ နှလုံးသားကတော့ အကြောင်းပြချက်မရှိပဲ

စုံကန်ပြီး နှုံချာနေတယ်ဟာ ....

.............. စုံကန်ပြီးကို နှုံချာနေတယ် ....။


'' ငါ့ အချစ် လား ..... ဒီလိုပါပဲဟာ ''

အသင့်စား အသည်းတု တွေလား .. ၀သုန်

နင်ပြုစားခဲ့တဲ့ မာယာ သတ်ကွင်းမှာ

ငါ့ကို ဘာကြောင့်များ မထည့်သွင်းခဲ့တာလဲ ...

အဲ့သလိုပဲ ... ၀သုန် ...

ပုံပြင် တွေ နားထောင်ဖို့ အရေး ..

ပုံပြောသူ နောက် ပြေးလိုက်ရတဲ့ အဖြစ်ကလဲ ..

ငါတကယ်ကို မောတယ်ဟာ ... မောတယ် ....။

မ၀ဲ ပဲနဲ့လည်း မိချင်ခဲ့တယ်

မကွဲ ပဲနဲ့လည်း ထိချင်ခဲ့တယ် .. ၀သုန်

အမုန်းဆိုတဲ့ ဘာသာတရားကို မသိချင်ခဲ့တဲ့ အတွက်

အက်သံ တွေကို ပြက်ရယ်ပြု ....

ငါ့ ကိုယ်ပိုင် ဂီတ ကိုမှ မျက်ကွယ်ပြု ခဲ့တာပါ .. ၀သုန် .

................ မျက်ကွယ်ပြု ခဲ့တာပါ ဟာ ...။


တစ်ခုခုတော့ သိမ်းထားချင်သေးတယ် .. ၀သုန်

သုံးခဲ့ဖူး တဲ့ တစ်ရှုး စလေးတွေပဲ ဖြစ်ဖြစ် ..

ပြုံး ခဲဖူး တဲ့ မဲ့ ပြုံးလေး တွေပဲ ဖြစ်ဖြစ် ...

ငါ့ နှလုံးသား အနာရွတ်တွေ အတွက် ..

လွမ်းဆွတ်ခြင်း အနားကွပ် ရအောင်

ငါ တစ်ခုခု တော့ သိမ်းထားချင်သေး ဟာ .....

........... ငါ တစ်ခုခု တော့ သိမ်းထားချင်သေးတယ် .....။

ကြည်ပြာရောင် ရပ်ဝန်း သို့ မိုး နှင့် ပျော်ဝင်ခြင်း




မိုးရေ .. မင်းပဲ ပြောလိုက်ပါတော့ ...

မင်း နဲ့ အတူ လွင့်ပါလာတဲ့ သံစဉ်တိုင်းမှာ ...

သူမ ရဲ့ ဆွဲငင် မှုက ဘယ်အချိုး ဘယ်အတိုင်းအတာ ထိ ပါသလဲဆိုတာ ...

မင်းပဲ ပြောပြ လိုက်တော့ မိုးရေ ...။

ငါ ... အရိုးသားဆုံး ၀န်ခံလိုက်မယ် ... မိုး ..

မင်း အငြိုးမဲ့ ရွာသွန်းခြင်း မှာ ...

ရင်ခုန်သံကို အသေ မှတ် ...

ယောင်နန ရပ်နေတဲ့ ကောင်က

မင်း ခိုတွဲ ဆင်းလာတဲ့ သူ့ဆံနွယ် တွေကိုပဲ

တယုတယ ပိုက်ထွေး ချင်နေတယ် .. မိုး

ပိုက်ထွေးချင်နေတယ် .....။

အချစ်ဆိုတာ ... အသင်ခက်တဲ့ ဘာသာစကား မဟုတ်သလို

ငါ့နှလုံးသားကလဲ တခါးတွေ အသေခတ် မထားပါဘူး ...

သော့ပိတ်ထားမှာ စိုးလို့သာ ..

မင်း မိုးသားတွေ အောက် ငါ ဒူးထောက်နေတာပေါ့ .....။

ဒီတော့ .. မိုးရေ ..

မင်း ပြို လဲ ငါခံ မယ် ..

မင်း ငို လဲ ငါခံမယ် ..့ 

နှလုံးသားရဲ့ စံစားရာ ငါ့နန်းတော်မှာ

ပန်းဆီ ရောင် ခပ်ရင့်ရင် မဆိုးခင် ဆက်ကြားထိတော့

ငါ့ သင်ရိုး အဟောင်းတွေနဲ့ ပဲ

မင်း နဲ့အတူ ဖြတ်သန်း ရအုံးမှာပေါ့ .... မိုး ...။

ဟူး ... ပူလိုက်တာ မိုးရေ ....

မင်း နဲ့ အပြိုင်ရွာနေတဲ့ ငါ့ရင်ထဲက မိုးက ပူလိုက်တာကွာ ..

သောကတွေ တပုံတပင် နဲ့

စိတ်ကူးတွေ မနိုင်ဝန်ထမ်းထားတဲ့ ကောင်က

စိတ်လိုလက်ရ မှားနေတဲ့ ခြေလှမ်းတွေနောက် ..

မီသလောက် ပြေးလိုက်နေရတာ နဲ့တင်

အချစ်ဆိုတာက ကြာတော့လဲ ..

သေး ... သွားလိုက် ..

ဝေး .... သွားလိုက်ပါပဲ ...။

ဒါပေမယ့် မိုး ရေ ...

မင်း အတွက် ကောင်းကင်ဆိုတာ

ထာဝရ အရှင် သခင်ကြီး ဖြစ်သလို

ငါ ကလဲ သူ့ အတွက်တော့

သံသယကင်း တဲ့ လမင်း ကြီး မဟုတ်တောင်

အလင်းပျောက် တိုင်း ထွန်းလင်းခွင့်ရတဲ့

ကြယ်ကလေးတော့ ဖြစ်နိုင်သေးတာပဲ ....။

မိုးရေ .......

ဝေးကွာခြင်း ဆိုတာကလည်း

ကိုယ်တိုင်ထုဆစ်လို့ ရတဲ့ ၀ါကျ မှ မဟုတ်တာ ..

ဒုက္ခတွေ ထမ်းပိုးထားတဲ့ ...

ခြုပ်လက်စ ငါ့ အိပ်မက် အပိုင်းအစထဲမှာ ..

သူမရဲ့ ကြည်ပြာရောင် ဖိနပ်လေး တွေ ပါတယ် ... ........

ကြည်ပြာရောင် ထီးလေး တွေ ပါတယ် ... .........

ကြည်ပြာရောင် ကလစ်လေး တွေ ပါတယ် ...........

ကြည်ပြာရောင် နာဆွဲလေး တွေ ပါတယ် ......

.........ကြည်ပြာရောင် ပိုးအိပ်လေး တွေ ပါတယ် ...

အဲ့ဒါပဲ .... မိုး ..

ငါ့ကို မင်း ...အလုံးစုံ စိုးမိုး ထားတာ မှန်ပေမယ့်

ကြည်ပြာရောင်တွေ အတွက်တော့

ငါ့ရင်ဘက်တစ်ခြမ်းက အမြဲတမ်း ကျန်တယ် .. မိုး ...

..........................အမြဲတမ်း ကျန်တယ် ......။

ကဲ ... မိုးရေ ..

စိတ်ရှိတိုင်း လွင့်နေတဲ့ မင်း အစဉ်အလာနဲ့

လင်းချင်တိုင်း လင်းခွင့်မရတဲ့ ငါ့ရောင်စဉ်တွေ အတွက် ..

ငါတို့ အတူ ဆက်စောင့်ကြတာပေါ့ ...

မင်း ဟစ်ကြွေးခြင်း တွေလည်း မရပ်မခြင်း

ငါ့ မျက်ဝန်းတွေလည်း သူ့မြို့ရိုး ကို မဖျက်မခြင်း

သက်ဆင်း လာမယ်လို့ ထင်ရတဲ့

ဂီတ အသစ်တွေ အတွက် ..

ငါတို့တွေ ... ဆက်စောင့်ကြတာပေါ့ .. မိုး ... ...................

ဆက်စောင့်ကြတာပေါ့ ......။

ရုပ်ကြွင်းဟောင်း ရှိုက်သံ





**အချစ်ဆိုတာ မေ့နိုင် .. လွမ်းနိုင် .. မှ ပြီးပြည့်စုံမယ်**


အဲ့သလို....

သိုက်မြုံ မဲ့ ခို တစ်ကောင်လို အားတင်း ကြွေးကြော် ပြီး.....

ငို မယောင် တိမ်ပေါ်က မိုးစက် ပွင့်လို ....

ငါ့ကိုယ်ငါ မဖိတ်စင် အောင် ထိန်းကျောင်း နေရ....

အတိမ်းအစောင်း မခံဘူး ဆိုမှ........

နှင်းထူထူ အောက်

မီး ရောင် မစောင့်ပဲ....ငါ..ရွက်လွင့်ခဲ့ မိတယ်.......


**ကြုံခဲ့ရပြီ မို့.. မယုံ ရဲ ဘူး**...ဆိုတဲ့ ချစ်သူရေ.....


တကယ်ဆို.... မ၀င်ရသေးပဲ အနှင်ခံ ရတဲ့ သူ(x)လို ...

ချစ်ခြင်း မဲ့ ဒြပ်ထု အတုတွေကြားထဲ က...

ရင်နှင်းအပ် သံပါတ်ရုပ် .......... ကိုယ်ဟာ ..

ကမ်း..ပြို..ချောက်အောက်က သစ်ပင် တစ်ပင်ပါ.....

လွမ်းရုံ လောက်နဲ့ ပဲ ကျေနပ်ရမယ့် ..

အဆိပ်သင့် ကျေးကျွန် ပါ ...

မထူးဆန်း တော့ပါဘူး ...

ကိုယ့် .. အရိပ်နဲ့ .. ကိုယ်ပြိုင်လျှောက် ....

ဟန်လောက် .. ပြုံးနိုင် တဲ့ လူ .. တစ်ယောက် ....

လေ .. အသင့် ခြွေတာတောင် မနမ်း အပ်တဲ့ ..

သာမန်လူ တစ်ယောက်အတွက် ..

ပခုံး .. နှစ်ဖက်ကြား .. ခေါင်းပေါက် နေတာက .. လွဲလို့ ....

အချိန် .. မဖြုံး ...နိုင်ဘူး. ..

ငွေ .. မသုံး .. နိုင်ဘူး ...

ယုံအောင် .. မပြောနိုင်သလို ..

ပုံဆောင်လဲ .. မပြနိုင်ပါဘူး ...

အားလျှော့စ ..ပြုလာပါပြီ ...

မျှော်လင့်ချက် .. ဆိုတာ ..

နွေအခါ .. ရောက်တဲ့ မိုးတိမ်လို .. ဘယ်အရာမှ မသေချာပါဘူး ....

ငါ့ အဖို့တော့ နေပူပူ မှာ ... အရေထူထူနဲ့ စောင့်စားရုံ ...

......(မသေချာတဲ့)....

ကျလာမဲ့ .. မိုးစက်ပေါက်ကို ကောက်ထားရုံ .. က ... လွဲလို့ ...

မင်းကို ... စောင့်စားရင်း ... စောင့်စားရင်း ...

(....ငါ့အသည်း...)

ကျောက်သားစစ်စစ် .. ဖြစ်ခဲ့ပြီ ...

ကျောက်သားစစ်စစ် ...

ကျောက်သားစစ်စစ်..ဖြစ်ခဲ့ ပါပြီကွာ ................။


Labels: ခေါင်းစဉ်ပြောင်းလိုက်တဲ့ အဟောင်းလေးပါ ..

အလွမ်းခါး မှတ်တမ်း




အိပ်မက်တွေအတွက် တစ်ခါတရံ ..
ရင်အက်သံ တစ်ခုကို ကြားမိလေသလား ....????
ဝေးသွားတာလား .. သေးသွားတာလား ..
မှုန်ပြပြ အလင်းရောင်အောက်
အဆုံးအစ မဲ့ ဆိုတဲ့ ဟစ်ကြွေးခြင်း နဲ့ ပဲ
ငါ .. သမိုင်းတွင် ရစ်နေတယ် ........။

မာန ဆိုတာ ခပ်ဆွေးဆွေး ရယ်သံကိုမှ  ..
ဘ၀ပေး ပြီး ခြုံပြလိုက်တာပါ ..
နှလုံးသား မှာ ပြဿဒါးတွေ များတယ်ဆိုတာ
ကိုယ်တိုင်ကို က ရက်ရာဇာကို မလိုလားလို့
ထွက်ဆို့ ရွတ်လိုက်ရတဲ့ ဇာတာအကြောင်း ..
ဟော့ဒီ ကောင် .... အသည်းက .
(ကြာတော့လဲ)
ကောင်းကောင်း နောကြေ နေပါပြီကွာ ..
.....................နောကြေ နေပါပြီ ... ..။

ကြယ်တစ်စင်းရဲ့ သင်ကြားမှုက
အဟောင်း ဆိုပေမယ့် အရောင်တွေလက်နေတယ်..
ရင်းနီး လိုက်ရတဲ့  အိပ်မက် အပိုဒ်တစ်မှာ ..
နာကျင်ခြင်းတွေ ကခုန် လိုက်ပုံများ ..
သက်ပြင်းတွေ တွန့်ကြေ သွားတဲ့ အထိပါပဲ ....။

လွဲချော်မှု နဲ့  ပေါင်းဖက် မိတဲ့ လောကဓံ ....
အမြဲတမ်း အမှန်တရားဘက်က မရပ်တည်နိုင်တဲ့ အခါ ..
သောကတစ်ပါး ၀င်စားတဲ့ ..
ဟောဒီ ပကာသန စစ်ပွဲမျိုး 
ဒီလိုကောင် ရှုံးတယ် ဆိုမှတော့
သင်ကြားခြင်းငှာ မစွမ်းတဲ့  အေဒင် နိဒါန်း ..
ဒီမှာတင် တစ်ခန်းရပ်ပေါ့ကွယ် ...
 ................. တစ်ခန်းရပ်ပေါ့ ......။

မနက်ဖြန် ဆိုတာကလဲ လက်ကျန် အိပ်မက်ကို
အလွမ်းနဲ့ ဖြတ်သန်းရမယ့် အနာဂတ်ပေါ့ ...
အလင်းကို မတောင်းတ နိုင်သမျှ
အမှောင်ဆိုတာလဲ 
အကျဉ်းသားတစ်ယောက်ရဲ့ လက်ဆွဲ
ဒွန်တွဲနေတဲ့ ရင်ခုန်သံ အကျိုးအပဲ့တွေကြား  ...
မိုးများ ရပ်ဝန်းတွေ များသထက် များလာခဲ့ပြီ လေ ....။

ဆုံးရှုံးလိုက်ရ ပြီဆိုတဲ့ အသိက
မီးတစ်စ ပြေးကိုင် လိုက်ရတဲ့ အဖြစ် ..
စိတ်ကူးတို့ အသစ် မဖြစ်ခင်ပဲ ..
ဆန္ဒတွေ အရင် ပြာကျ သွားတယ် .....။

ပြီးဆုံး သွားပြီ ဆိုပေမယ့်
ငိုချင်းတွေ ငြှီးတုန်းပဲ ...
အပြီးသတ် မျှော်လင့်ခြင်းတွေ အတွက်
အလွမ်းခါး တွေပဲ ဆက်စားသုံး နေတုန်းပဲ .....
ဆက်ရန်ဆိုတဲ့ အကြောင်းပြချက်အောက် ..
မရှိမဲ့ ရှိမဲ့ သက်တမ်းတွေ အတွက်
ဟော့ဒီ အလွမ်းခါး မှတ်တမ်းကို ..
ငါ ..........အခမ်းနားဆုံး ဖြတ်သန်း လိုက်မယ် ..
 .... ............... အခမ်းနားဆုံး ဖြတ်သန်းလိုက်တော့မယ် ကွာ .......။

Twitter Delicious Facebook Digg Stumbleupon Favorites More