Welcome

Feb 27, 2012

သောက ဖြစ်စဉ်





သောက ဖြစ်စဉ်


ဆန္ဒနဲ့ ဆန့်ကျင်ဘက်ဆီပဲ
ဖြစ်စဉ်တွေ ပြိုကျ
ရှိုက်သံတွေ ညံတဲ့ ညကိုမှ
တန်ဖိုးထား မြတ်နိုးနေမိတယ် ....

အိပ်မက်က နိဒါန်းအစကတည်းက ကျပျောက်ခဲ့
သောကနဲ့ ကြည်နူးရတဲ့
နှလုံးသားရဲ့ ဂီတအစက
လူအ တစ်ယောက်ရဲ့ သွေ့ခြောက်မှုလို
တစ်ကိုယ်စာ ခိုလှုံဖို့အတွက်
( ငါ ) ဘာတွေများ တောင်းတခွင့် ရှိမှာလဲ ...

မျှော့်လင့်ချက် ကြိုးတစ်မျှင်အတွက်
ပဲ့တင်သံကို ရပ်စောင့်ရင်း
ကံကြမ္မာကို ဦးညွတ်
ရူးသွပ်ရတဲ့ ဒုက္ခက
ဝေခွင့်မရှိပဲ လှတဲ့ သစ်ပင်လို
သက်ပြင်းတွေနဲ့ တန်ဆာ ဆင်ထားတယ် ....

ခံစားမှု ကဗျာဆိုတာကလဲ
ဒါဏ်ရာတွေ ရှင်သန်ရုံ သက်သက်
လွမ်းဆိပ်ခတ်ထားတဲ့ ကာရံတွေနဲ့
ဘာသာပြန်ခက်တဲ့ အပြုံးတွေရဲ့
အမုန်းမဲ့ နန်းတော်...

တကယ်ဆို
ဟန်ဆောင်ကောင်းတဲ့ ညချမ်းတွေရဲ့
တစ်ဖက်သတ် မေတ္တာမှာ
ကျွန်တော်က သစ္စာဖက် ဇာတ်မြုတ်နေမိတဲ့သူ ..
ဖမ်းဆုပ်မိတဲ့ သုညတွေက
မျက်ဝန်းနဲ့ ထိတိုင်း ကွဲတက်တာ သိပေမယ့်
အမှတ်မရှိတဲ့ ဖြစ်စဉ်တွေတိုင်းမှာ
နာကျင်မှုကို အရွဲ့တိုက်
ကျွန်တော် .... ဖြူစင်စွာနဲ့
မိုက်နေတုန်း ..............။

လိပ်ပြာ စေညွန်း






လိပ်ပြာ စေညွန်း



ချစ်သူ ..
စောင့်မျှော်ခြင်းဆိုတာ
စကားလုံးသာသာနဲ့သာ ပြီးဆုံးသွားခဲ့မယ်ဆိုရင်
အဆိပ်သင့် ရက်စွဲတွေကို
လက်ချိုးရေတွက်မိမှာ မဟုတ်ဘူး ..
တမ်းတခြင်းက
ကဗျာတစ်ပုဒ်လုံးသာ ဆုံးသွားတယ် ..
မင်းအရိပ်အတွက်
ငတ်မွတ်မှုက အသာငမ်းငမ်း
သောကတွေ ညတွေထဲ လမ်းသလားလို့ ..
အဲ့ဒါ ..
အလွမ်းတဲ့လား ..... ချစ်သူ
အလွမ်း .... တဲ့လား ...။

ချစ်သူ ...
မျှော်လင့်ခြင်း ဆိုတာ
လိုရာဆွဲယူလို့ရတဲ့ ခမ်းနားခြင်းသာဖြစ်ခဲ့ရင်
ဆန္ဒတွေ
လင်းချင်တိုင်း လင်းပစ်လိုက်ချင်တယ် ....
ငြင်းဆန်မှုကို
စိတ်ကူးနဲ့တောင် မတို့ ထိ ပဲနဲ့
မခို့တရို့ အပြုံးတွေပဲ လှမ်းချူ လို့
အလွမ်း မပူတဲ့ ဆုံမှတ်မို့ ...
အဲ့ဒါ ..
အိပ်မက်တဲ့လား .... ချစ်သူ
အိပ်မက် .... တဲ့လား ...။

ချစ်သူ ....
တောင့်တခြင်း ဆိုတာ
ကိုယ်ပိုင်ထုဆစ်လို့ ရတဲ့ ဂီတသာဖြစ်ခဲ့ရင်
အဆုံး အစမဲ့
ခင်းကျင်းပြလိုက်ချင်တယ် .............။
မင်း နင်းဖြတ်ဖို့အတွက်နဲ့ပဲ ...
ရင်ဘက်ထဲက သံစဉ်တွေ ဖြန့်ခင်း
အိပ်မက်ထဲက
ရက်ရာဇာတွေရဲ့ .. ဂါထာများက
အဲ့ဒါ ....
ကဗျာတဲ့လား .... ချစ်သူ
ကဗျာ .... တဲ့လား ......။

ချစ်သူ ...
အလွမ်းတွေ မကူပဲနဲ့
အိပ်မက်တွေ အသက်ဆက်မရှင်နိုင်တော့ဘူးလား ...?
သေချာတာတစ်ခုကတော့ .... ချစ်သူ
အိပ်မက်တွေ မတူပေမယ့်
ထွက်သက်တွေ အပြင်ခုန်မထွက်မချင်း ...
ငါ့ကဗျာတွေ
ရှင်လျှက်နဲ့ မသေစေရဘူး ချစ်သူ ..
ရှင်လျှက်နဲ့ မသေစေရဘူးကွယ် ......။



လွင့်ရာဝေ (14.11.2009 တွင်ရေးသားခဲ့သည် )

Feb 26, 2012

တိမ်ထူထပ်ခြင်း







တိမ်ထူထပ်ခြင်း


အချစ်နဲ့ ယမ်းယောင်ခြင်းကို
မာနဲ့ မဲ့ တွန်းလှန်
မနက်ဖြန်ညရဲ့ လက္ခဏာ
အလွမ်းဆိုတာ
အထီးကျန်သူတိုင်းရဲ့ အားနည်းချက် ။

နက္ခတ်တွေ စုံတိုင်း
အမှီအခိုလွတ် ရုန်းကန်မှု
ဆန္ဒနဲ့ ငြင်းခုံခြင်း ပြဿနာ
စိတ်ပြေးလမ်းပေါ်
မကြာခဏ ချော်ကျ
အဲ့ဒီည တွေ ......... အရာမ၀င်ဘူး ..။

ဘ၀က ကျိန်စာတွေချည်နှောင်ထားတဲ့ ကျမ်းစာ
နှလုံးသားက အဆိပ်တွေပျော်ဝင်နေတဲ့ အဆိုင်အခဲ
အချစ်က တစ်ဖက်ထဲ အသေချည်ထားတဲ့ ကြိုး
အမှတ်မှား ရိုးရာ
မနက်ဖြန်တိုင်းက ပြဿဒါး

ငါဟာ
သောက အခိုးတွေ
အုပ်မိုးထားတဲ့ ကောင်းကင်
သက်ပြင်းရနံ့ နဲ့
မုန်တိုင်းထန် ရူ့ခင်း
ရာသီ အစကတည်းက မလင်းဘူး ....။



(လွင့်ရာဝေ) (20.4.2011 တွင်ရေးသားခဲ့သည်..)


Feb 25, 2012

အလွမ်းသရုပ်ပြ ကဗျာ







အလွမ်းသရုပ်ပြ ကဗျာ



ဟိုး .. ခပ်ဝေးဝေးက ငေးနေရတဲ့ ငါက
ပုံရိပ်အကြွင်းအကျန်ရဲ့
သိပ်သည်းမွန်းကျပ်
ထွန်ယက်ခြင်း မစွမ်းတဲ့ရင်ခွင်ထဲ
ပုလဲ အလို့ငှာ ကမာကောင် ရင်ခွဲပြနေရသလို
ဟော့ဒီ ... ကဗျာက
ကျွန်တော့် ဇာတာနဲ့ ဖွဲ့မှ လင်းမှာပါ .........။

ဆန္ဒတစ်ခု အတွက်
တူးဖော်မိတဲ့ သယံဇာတ
ဒီဘ၀ ဆွေးမကုန်တဲ့ ဝေဒနာတွေ
အကြင်နာဝေး
ရင်ဘက်ထဲ မွေးမြူထားတဲ့ ဒါဏ်ရာတွေ
မေ့မရအောင် သတိရလို့
သတိရအောင် မိုးထားတဲ့ ပုံရိပ်တွေ ....


ကဗျာ အတွက်
ကျွန်တော်က
နေမင်း နဲ့ ငြိတွယ် မိတယ်...
လမင်း အစွန်းမှာ သွားချိတ်မိတယ်....
တိမ်တွေကို ကစားလို့
အလွမ်းတွေ ပြန့်ပွားအောင်
ညတွေထဲ လမ်းသလားမိတယ်လေ ...........။

ထိစပ်မိတဲ့ ကာရန် တချို့တချို့မှာ
ရင်ခုန်သံက မစို့မပို့
ဝေဒနာ မို့မို့တွေ အတွက်
ရှိုက်သံတွေ ညို့ညို့ တက်လာတိုင်း
ကြယ်စင်တွေ မိုးဖွဲ့ဖွဲ့ကျဖို့ တာစူတယ်လေ .......။

ကျွန်တော်လဲ လူသားထဲက လူသားတစ်ယောက်ရယ်လေ
အဲ့ဒီတော့
ကဗျာရယ် ... သူရယ် .. ကျွန်တော်ရယ်
စခရင်ပေါ် ဆင်းသက်လာတဲ့
အသံမဲ့စကားလုံးလေးတွေရဲ့
ဒါဏ်ရာ အတိမ်အနက်တွေ ပြန်ပြန်ဖတ်
ကြယ်ကြွေသံကို မှ လက်ယက်ခေါ်နေမိတယ် ...
ကမာငိုသံ ကိုမှ ၀မ်းမြောက်နေမိတယ် ....
မာယာ တထောက်နားခဲ့တဲ့ ဘဝ
သူမညွန်းခဲ့တဲ့ ကဗျာနဲ့ သီတဲ့ ညမှာ
ကျွန်တော်က အလွမ်းလှလှ သရုပ်ပြရမယ် ... ကဗျာ ..
အလွမ်းလှလှ သရုပ်ပြရမယ် ..................။


လွင့်ရာဝေ( 1.11.2009 တွင်ရေးသားခဲ့သည် )

Feb 22, 2012

သို့ ... ကဗျာ






သို့ ....
ကဗျာ


မင်းသိပါစေ .. ကဗျာ
မျက်ရည်နဲ့ ရင်းပြီးမှ
မင်းအလင်းတွေ ငါပျိုးခဲ့ရတာပါ ...
ငါ့ အလွမ်းနဲ့ ဆန္ဒတွေကလွဲလို့
မင်းဝါကျတွေမှာ ..
သံသယ ဆိုတဲ့ ကာလာတွေ မပါဘူး ကဗျာ ....
ကာလာတွေ မပါခဲ့ဘူး .....။


မင်းသိပါစေ ကဗျာ
ငါ့ ဒါဏ်ရာတွေ စွန်းပေ သွားရင်ပဲ ဖြစ်ဖြစ်
ငါ့ ငိုသံတွေ ပျော်ဝင်သွားရင်ပဲ ဖြစ်ဖြစ်
ငါ့ ချစ်ခြင်းတွေနဲ့ ပါတ်သက်ပြီး
မင်းကို ထာဝရ အပြစ်ကင်းစေ ခဲ့တာပါ ကဗျာ ....
အပြစ်ကင်းစေ ခဲ့တာပါ .....။


မင်းသိပါစေ ကဗျာ
မင်းသာ ငါ့ရဲ့ လွတ်မြောက်ခြင်း လမ်းသွယ်ပါ
မင်းသာ ငါ့ရဲ့ ပုန်းကွယ် မှု လှောင်အိမ်ပါ
မင်းသာ ငါ့ရဲ့ ကြေကွဲမှု ဗိမာန်လေးပါ
အို ... ကဗျာ
စိတ္တဇလောင်ကွင်းရဲ့ ထွန်းလင်းခွင့်ရှိတဲ့
ရောင်ခြည် တစ်စ ဟာလဲ
မင်းပါပဲ ကဗျာ ..
မင်းပါပဲ ....။


ကဗျာရေ
မင်းနေပျော်ပါရဲ့လား ....
ငါစေညွန်းတဲ့ သခင်မ လောင်းရိပ်မှာ
မင်း တိတ်ဆိတ်စွာ နဲ့ သိုသိပ်နေပါ ကဗျာ ...
သူမ ဂရုမစိုက်ချင် နေပါစေ
မင်း မျက်ရည်တွေ မသွေ့ခြောက်ပါစေနဲ့ ကဗျာ ....
သူမ ပြုံးမပြချင်နေပါစေ
မင်း ရှိုက်သံတွေ ခမ်းနားနေပါစေ ကဗျာ ..
သူမ လှောင်ချင် လှောင်နေပါစေ
မင်း ထွက်သက်တွေ အတွက်
မင်းနေ့တွေ ဆက်လက်ရှင်သန်နေပါစေ ... ကဗျာ ..
ဆက်လက်ရှင်သန်နေပါစေ .....။


လွင့်ရာဝေ( 8.12.2009 တွင်ရေးသားခဲ့သည် )

အို... ဖခင်







အို ... ဖခင်

အို ... ဖခင်
ကျွန်တော်တို့ မျက်လုံးတွေကို
ပခုံးပေါ်ကနေ ကျော်ပြီး
ဟိုး .. အဝေးကို မျှော်ကြည့်နေရသလိုမျိုးလား ..
အရာရာ မှုန်ဝါးဝါး
ကြာခဲ့ပြီ ဆိုပေမယ့်
ဟော့ဒီကမ္ဘာမှာ အနှိုင်းမဲ့ ဖခင် မွေးဖွားခဲ့တာ
ဘာလိုလိုနဲ့ ( ၉၆ )နှစ်ပြည့်ခဲ့ပြန်ပြီ ... ဖခင် ..
တချို့ မသိကျဘူး
တချို့ သိရဲ့နဲ့ သတိမရကျဘူး
တချို့ ကျတော့ သိရဲ့ သတိရရဲ့နဲ့
သဲကွဲစွာ မရေရွတ်နိုင်ကျဘူး
အဲ့သလိုပဲ .. ဖခင်
နေ့မထူး ညမထူး လောကမှာ
ကျွန်တော်တို့တွေရဲ့ ရပ်တည်မှုတွေကြား
မစားချင်ပဲ စားနေရတဲ့
အရသာ စပ်ခါးခါးများ
မကြားချင်ပဲ ကြားနေရတဲ့
ဦးတည်ချက် ၀တ္တရားများ
ဘယ်မှာနားလို့ ဘယ်လို စခန်းသွားရမလဲ
မပြိုလဲသေးဘူးဆိုပေမယ့်
သံမှို ဆွဲနေတဲ့ နှလုံးသားထဲတော့
သတ်ပုံ အမှားတွေပဲ ရိုက်ထည့်ခံနေရတယ် ... ဖခင် ....။

အို ... ဖခင်
ဆန္ဒတွေရုန်းကြွလို့ အထမြောက်ခွင့်ရှိခဲ့ရင်
ဟိုအရင်က ကျပ်တန်လေးတွေ
ပြန်မြင်ခွင့်ရချင်တယ်
ဟိုအရင်က ကလေးများနေ့ ဆိုတာကို
ကြုံတွေ့ဖူးချင်တယ်
ဟိုအရင်က ဆုတောင်းပွဲမျိုးတွေ
ပြန်ရင်းနီးခွင့်ရချင်တယ်
ဒါပေမယ့် ဖခင်
ခြင်္သေ့တွေကြီးစိုးတဲ့ တောအုပ်တစ်ခုရဲ့
တွန်းထိုး ရုန်းကန်နေရတဲ့
မျှော်လင့်ချက်မဲ့ ကမ္ဘာမှာ
စာနာမှုတွေ ခ၀ါချ
လွတ်လပ်ခွင့်ဆိုတဲ့ မှုန်ပျပျ ခေါင်းစဉ်အောက်မှာ
ကျွန်တော်တို့ ၀ါကျတွေ မတရားသိမ်းပိုက်ခံနေရတယ် .. ဖခင်ရယ် ..
.............................
.မတရားသိမ်းပိုက်ခံနေရတယ်ဗျာ ....။

အို .... ဖခင်
ကျွန်တော်တို့ အဇ္ဈတ္တတွေထဲက
လွင့်ပါး ပျောက်ကွယ်ခြင်းမှာ
ဖခင် ပုံရိပ်တွေ မပါဘူး ..
ဖခင်သာ ရှိနေသေးမယ် ဆိုရင်
ဖခင်ဟာ မျက်လုံးတွေ မှုန်ချင်မှုန်နေ ပါလိမ့်မယ်
ဒါပေမယ့် ကျွန်တော်တို့အတွက် အမှန်တရားကိုတော့ ထွန်းလင်းပြသနိုင်မှာပါ
ဖခင်ဟာ လမ်းတွေ လျှောက်နိုင်ချင်မှ လျှောက်နိုင်ပါလိမ့်မယ်
ဒါပေမယ့် ကျွန်တော်တို့ကိုတော့ အဖြောင့်မှန်ဆုံးလမ်းကိုတော့ ညွှန်ပြ နိုင်မှာပါ
ဖခင်ဟာ နားတွေ လေးချင်လေးနေပါလိမ့်မယ်
ဒါပေမယ့် ကျွန်တော်တို့ကိုတော့ စကားတွေနဲ့တော့ သွန်သင်နိုင်မှာပါ
ဖခင်ဟာ ခါးတွေ ကိုင်းချင်ကိုင်းနေပါလိမ့်မယ်
ဒါပေမယ့် ကျွန်တော်တို့ စိတ်ဓါတ်တွေ တည့်မတ်အောင်ပြုပြင်နိုင်မှာပါ
အို ... ဖခင်
ဖခင်ဟာ ဘာမှ မလှုပ်ရှုား မသွားလာနိုင်တော့ဘူး ဆိုရင်တောင်
ကျွန်တော်တို့ ဆန္ဒတွေကိုတော့ အကောင်းဆုံး လှုံ့ဆော်နိုင်အုံးမှာပါ ....ဖခင် ...။

အို .. ဖခင်
တမ်းတစွာ အောက်မေ့တောင်းတမြဲပါ
ဘယ်အရာမှ မမြဲဘူးဆိုတာ သိပေမယ့်
ဒီလောကထဲ နောက်ထပ်တစ်ယောက်မရှိနိုင်ဘူးဆိုတဲ့ အသိနဲ့
ခလုတ်ထိတိုင်း အမိ တ တက်တဲ့ ကလေးလို
ကျွန်တော်တို့တွေ အဖကိုလဲ တမ်းတမြဲပါ ..
ကောင်းကင်ကြီး တစ်ခုလုံး ဆိုးညစ်မဲမှောင်နေခဲ့ရင်တောင်
ကျွန်တော်တို့ ရင်ဘက်ထဲက ခေါင်းစဉ်မှာ
ဖခင် ထာဝရ ကိန်းဝပ်နေအုံးမှာပါ .... ဖခင်..
.......ထာဝရ ကိန်းဝပ်နေအုံးမှာပါဗျာ .......................။
ဗိုလ်ချုပ်အောင်ဆန်း၏ ( ၉၆ )နှစ်ပြည့် မွေးနေ့ အမှတ်တရ ကဗျာ ( လွင့်ရာဝေ ... 14.2.2011 )

ကြောင့်ကြမှုတွေနဲ့ စိတ္တဇလောင်ကွင်းထဲက .. လူ






ကြောင့်ကြမှုတွေနဲ့ စိတ္တဇလောင်ကွင်းထဲက .. လူ



အလင်းကို ရှုံးနိမ့်သွားချိန်မှာတော့

အနေအထားအရ

အမှောင်ကို ကျေနပ်စွာလက်ခံလိုက်ရ ..



ငါ့ကိုယ်ငါ အပြည့်အ၀ မောင်းနှင်ဖို့အတွက်

ကံကြမ္မာ အမှားကို စောင့်နေရတဲ့ အဖြစ်....

နေ့သစ်ကို မကြိုရဲတဲ့ မျက်ဝန်းတစ်စုံရဲ့ မြစ်...

မျက်ရည်နဲ့ ဆွေးတဲ့ မျှော်လင့်ချက် လှေကားထစ်...

အတ္တနဲ့ ဆန်နေရတဲ့ ငါ့ရဲ့အချစ်...

သစ္စာနဲ့ ဖွဲ့တည် ထားတဲ့ အိပ်မက်တိုင်းမှာ

မျှော့်လင်းခြင်းတွေက

လှိုင်း

လုံး မြင့်

တွေ လိုက် သွား

လို သွား လိုက် ........

နိမ့်

ညဟာ ..

ည မဆန်ပေမယ့်

စစ်မှန်တဲ့ သွေ့ခြောက်မှုတော့ ပေးစွမ်းရဲ့

အခါးဓါတ် ပိုကဲတဲ့ အိပ်မက်တွေမှာ

ရိုးသားမှု အစစ်နဲ့ မရင့်ကျက်နိုင်သေးတာကိုက

အဆိပ်ဖြန့် မာယာတွင်း

ငါ့ကိုယ်ငါ ဇွတ်အတင်း ချနင်း ခိုင်းနေသလိုမျိုး ...



မာနတွေ ကာရံထားတဲ့

ဒါဏ်ရာပျိုးတဲ့ ဥယဉ်မှာ

သက်မတွေနဲ့ မျိုးစေ့ချ

အလွမ်းတွေတောင် ရုန်းကြွခဲ့ပြီ ...

ငါဟာ

တည်ရာမဲ့ ရွေ့နေတဲ့ တိမ်မျှင်ကို

စိတ်ကြိုက် ခြယ်သခွင့်မရှိတဲ့ ကောင်းကင်

ငိုက်မျဉ်းစ ဓူဝံ တစ်လုံးနဲ့

တစ်ကိုယ်တည်း လူတွင်ကျယ် လုပ်နေတဲ့ကောင်

ဟော့ဒီ အမှောင်မှာ

ငါ့ကိုယ်ငါ ... လောင်ကျွှမ်းလိုက်ပြီ ...။





( လွင့်ရာဝေ ) (29.5.2011)

Feb 21, 2012

အော်ဂင်၏ ကိုးဆယ့်ကိုးပြားတန် အတွေးများ




အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။

ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံကြံခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညိုး
ဇူလိုင် တစ်ဆယ့်ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။ ။



တင်မိုး

ဒီကဗျာလေးက အော်ဂင်တို့ ဟိုး ငယ်ငယ်ကတည်းက ကြားဖူးခဲ့တဲ့ မမေ့အပ်တဲ့ ကဗျာဆရာကြီးတင်မိုးရဲ့ အောင်ဆန်းဇာနည် ဆိုတဲ့ ကဗျာလေးပါ။ဒီကဗျာကို မြန်မာမှန်ရင် ကြီးငယ်မရွေးလူတိုင်းအလွတ်ရ သိမှတ်ကြတဲ့ကဗျာဆိုတာ ပြောဖို့တောင်မလိုပါဘူး။ အော်ဂင် သိတက်စအရွယ်ရောက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို အော်ဂင်မိဘတွေက(အထူးသဖြင့်အဖေ)အလျဉ်းသင့်သလိုပြောပြခဲ့တဲ့အတွက် အတော်အသင့် သိရှိထားခဲ့ပါတယ်။အရွယ်ကလေးရလာလို့ စာဖတ်တက်မှတ်တက်တဲ့ အရွယ်ရောက်လာတော့အဘိုးရဲ့ဗိုလ်ချုပ်နဲ့ ပါတ်သက်တဲ့စာအုပ်တွေ အမွေအဖြစ် ဖတ်မှတ်ခွင့်ရခဲ့ပြန်တယ်။ထို့ကြောင့်ပင် အော်ဂင့် မိဘ၊အဘိုးတို့ကို လွန်စွာမှပင်ကျေးဇူးတင်နေမိပါတယ်။အဘယ်ကြောင့်ပါနည်း။ ထိုသို့ မပြောပြ၊မဖတ်မှတ်ခဲ့ရပါက ဗိုလ်ချုပ်အကြောင်းအရာများကို ခုလောက်သိခွင့်ရခဲ့မည် မဟုတ်။ဒါတော့ အော်ဂင်က ပိုတယ်ဟု မထင်စေချင်ပါ။ ယခုပင် သိတက်စ ကလေးတစ်ယောက်ကို အာဇာနည်ဆိုတာ ဘယ်သူ့ကိုခေါ်တာလဲလို့မေးရင် အဆိုတော်ဟု ပြောမည့်ကလေးက နည်းမည်ဟု အော်ဂင်မထင်။ ဒါဟာ ဘာဖြစ်လို့လဲဆိုရင် အခြားအကြောင်းကြောင်းတွေအပြင် လူကြီးတွေရဲ့ ပြောပြသင့်သည့် တာဝန်လစ်ဟင်းမှုကြောင့်ဟုပင် အော်ဂင်ယူဆခဲ့သည်။ထားပါတော့..။ယခုလို ဂလိုဘယ်ခေတ်၊အများပြောနေကြတဲ့ကမ္ဘာရွာကြီး၊ မြန်ဆန်တိကျပါတယ်ဆိုတဲ့ အင်တာနက်ခေတ်ကြီးမှာ ဘယ်အရာမှ ဖုံးကွယ်ထားလို့ မရ။ဖုံးအုပ်ထားလို့ မလုံ။ သင်ဘာသိချင်ပါသလဲ လက်ညိုးကလေးသာ တစ်ချက်ခေါက်လိုက် ကျလာလိုက်မယ့် အချက်အလက်တွေ ဝေါကနဲ..( connection မကောင်းတာတော့ အော်ဂင် မပြောလိုပါ )။ထို့အပြင် ပြောင်းလဲလာသော အခြေအနေတွေအရ ဟိုတုန်းက မရှိသလောက်အတွေ့ရနည်းခဲ့တဲ့ ဗိုလ်ချုပ်အကြောင်းစာအုပ်တွေ၊ဓါတ်ပုံတွေ၊ဗီနိုင်းတွေ နေရာအနှံ့ ပလူပျံအောင်တွေ့နေရခြင်းကပင် တက်သစ်စကလေးတွေကို အာဇာနည်ဆိုတာ ဒီလိုလူမျိုးဟု ညွှန်ပြ၊ပြောပြနိုင်သည့် အခွင့်အရေး အော်ဂင်တို့ ရနေသလိုခံစားရပါတယ်။ ဒီလိုဆို ဗိုလ်ချုပ်ဆိုတာ ဘယ်လိုလူမျိုး၊ဗိုလ်ချုပ်အကြောင်းက ဘယ်လိုဆိုတာ လူတိုင်း(အထူး လူငယ်တိုင်း)မသိသူမရှိ၊မြန်မာပြည်သူမှန်ရင် သိပြီဟု အော်ဂင်တစ်ယောက်ထင်ခဲ့ မိသည်ပေါ့...။ သို့သော် .... သို့သော် ...
(10.2.2012 ) ရက်နေ့ည။ အော်ဂင် ခရီးက ပြန်ရောက်တာနဲ့လူကပန်း ဘယ်မှသွားချင်စိတ်မရှိတာနဲ့ပဲ စောစောအနားယူမယ်ဆိုတဲ့ စိတ်ကူးနဲ့ရေချိုးထမင်းစားပြီး အခန်းထဲ တန်းဝင်လာခဲ့ပါတယ်။ပြီးတော့ ဘာရယ်မဟုတ် အိပ်ပျော်အောင် တီဗွီခလုတ်ကို ထဖွင့်ပြီး ကုတင်ပေါ်မှီပြီး ကြည့်နေမိတယ်(နားရှုပ်သွားလားမသိဘူး၊အော်ဂင်က ရုပ်ရှင်ဖြစ်ဖြစ်၊တီဗွီဖြစ်ဖြစ်ဖွင့်ပြီးလို့ လှဲကြည့်ရင် မကြာခင် အိပ်ပျော်တက်တဲ့ အကျင့်ရှိတယ်)။အဲ့ဒီမှာ ဇာတ်လမ်းစာတာပါပဲ။ အော်ဂင် ဖွင့်ကြည့်မိတဲ့လိုင်းမှာ ဖိနပ် Brand တစ်ခုရဲ့Miss ပြိုင်ပွဲကြီး တစ်ခုကို တိုက်ရိုက်ထုတ်လွှင့်ပြသနေပါတယ်။အခမ်းအနားမှုးကလဲ မြန်မာပြည်မှာ မသိသူမရှိလောက်တဲ့ မော်ဒယ်လ်ဆရာမကြီး၊မော်ဒယ်လ်မိခင်ကြီး။ ပြိုင်ပွဲဝင်မယ့် မော်ဒယ်လ်လေးတွေကလဲ လှချက်ကတော့ စက်စက်ကိုယိုလို့။ဒီကြားထဲမော်ဒယ်လ်ဆရာမကြီးက ယခုယုဉ်ပြိုင်မယ့် ဆန်ကာတင် ဦး(20)ဟာ ပေါင်တံလေးတွေ ဘယ်လောက်လှကြောင်း၊ခြေသလုံးလေးတွေ ဘယ်လောက်ပြေပြစ်ကြောင်း၊ခြေဖမိုး၊ခြေချောင်းလေးတွေ လှပတဲ့အပြင် ရုပ်ရည်လှပမှုသာမက ဗဟုသုတလည်းပြည့်စုံကြကြောင်းကို ချီးမွမ်းခန်းဖွင့်နေတော့ အော်ဂင်လဲ အိပ်ချင်စိတ်တွေပျောက်၊မှီရာက ငုတ်တုတ်ထထိုင်ကြည့်မိတဲ့ အဖြစ်ရောက်ရော ဆိုပါတော့။အကဲဖြတ်ဒိုင်တွေကို ကြည့်လိုက်တော့လဲ တကယ့်ဝါရင့်အနုပညာရှင်တွေ၊ဒိတ်ဒိတ်ကျဲ စာနယ်ဇင်းအယ်ဒီတာတွေအပြင် ပူပူနွေးနွေးအကယ်ဒမီဆုရထားတဲ့ မင်းသမီးလေးတောင်ပါသေး။
ဒီလိုနဲ့ပဲ ပြိုင်ပွဲဝင်လေးတွေဟာ ပုံစံအမျိုးမျိုးနဲ့ Catwalk ကွက်တွေ လျှောက်လိုက်၊မော်ဒယ်လ်မိခင်ကြီးကလဲ နောက်ကနေ ချီးမွမ်းလိုက်နဲ့ ကြော်ငြာလေး ခဏဝလာမှာကိုပဲ စိုးရိမ်နေမိလောက်အောင် အစီအစဉ်က အော်ဂင့်ကို ဆွဲခေါ်သွားပါတယ်။ဒီလိုနဲ့ပဲ ဒီထဲကမှ ရှယ်ဆန်ကာတင် ငါးဦးကို ထပ်ရွေးလိုက်ပါတယ်။အကဲဖြတ်ဒိုင်တွေကပဲ တော်တာလား အော်ဂင်နဲ့ အကြိုက်တူတာလာတော့ မပြောတက် ရွေးထုတ်လိုက်တဲ့ ငါးဦးလုံးတော်တော်ကို လှကြတယ်လေ။ဒီထဲမှာမှ သူလေးဟာရှားရှားပါးပါးပြိုင်ပွဲဝင်တဲ့ ဆေးကျောင်းသူလေးပါ ဆိုတဲ့မော်ဒယ်လ်ဆရာမကြီးရဲ့ မိတ်ဆက်သံလည်းကြားရော မိတ်ဆက်ပေးတဲ့မော်ဒယ်လ်လေးကိုကြည့်ပြီး တော်လိုက်တာလို့ စိတ်ထဲက အော်ဂင် မှတ်ချက်ပြုမိတယ်။ဒါကြောင့်လဲ မော်ဒယ်လ်မိခင်ကြီးချီးမွမ်းခန်းဖွင့်ခဲ့တာလဲ အလွန်မဟုတ်ဘူးလို့လဲ တွေးမိပါတယ်။ အဲ့ဒီနောက် ပြိုင်ပွဲရဲ့ အဓိကအရေးကြီးဆုံးဖြစ်တဲ့ Brand ရဲ့ Information မေးခွန်းနဲ့ ဗဟုသုတနဲ့ ပါတ်သက်တဲ့ Talent မေးခွန်းတွေမေးပါတယ်။ အော်ဂင် စောင့်စားနေတဲ့ ဆေးကျောင်းသူလေးအလှည့်ရောက်ပါပြီ။မော်ဒယ်လ်မိခင်ကြီးရဲ့ မေးခွန်းသံရဲ့ အဆုံးမှာ အော်ဂင် ပြုံးလိုက်မိပါတယ်။ စိတ်ထဲကလည်း ဆရာမရယ်ဒီမေးခွန်းလောက်ကတော့ သူ့လိုဆေးကျောင်းသူမပြောနဲ့ ငါလိုအဝေးသင်ဘွဲ့ရတစ်ယောက်တောင် ဖြေနိုင်တယ်လို့ တွေးနေမိပါတယ်။ဘာဖြစ်လိုလဲဆိုတော့ သူမမေးလိုက်တဲ့မေးခွန်းဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပါတ်သက်တဲ့ General မေးခွန်းလောက်ဖြစ်တဲ့အတွက်ပါ။မေးခွန်းလေးက လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးအမည်နဲ့ သူမရဲ့ အလုပ်အကိုင် တဲ့။ တစ်စက္ကန့် .. နှစ်စက္ကန့် .. ဆယ်စက္ကန့် ..ဆယ့်ငါးစက္ကန့် ..စက္ကန့်ခြောက်ဆယ် ..။ မြတ်ခြွာဘုရား..။ အော်ဂင် စကားပင်မပီချင်တော့..။နှစ်မိနှစ်နီးနီးထိ ဆေးကျောင်းသူလေးထံမှ ဘာစကား၊ဘာအသံမှ ထွက်မလာသေး။ထွက်လာတာက ရယ်သံတွေ။အဲဒီ အချိန်မှာပဲ ကင်မရာကလဲ ဒိုင်တွေဘက်ကိုရောက်သွားတယ်။စာနယ်ဇင်းအယ်ဒီတာကြီးလဲ မျက်လုံးကြီးပြူး၊ရယ်သူက ရယ်။ပရိသတ်တွေထဲက ဟိုတစ်စ ဒီတစ်စ.. ဒေါ်ခင်ကြည်..ဒေါ်ခင်ကြည် ဆိုတဲ့အသံကြားမှပဲ ဆေးကျောင်းသူလေးဆီက ဒေါ်ခင်ကြည်ဆိုတဲ့ အသံတိုးတိုးကလေးထွက်လာပါတယ်။တိုးတိုးလေးဆိုတာထက် မဝံမရဲအသံလေးဆိုရင် ပိုမှန်ပါလိမ့်မယ်။ပြဿနာက ဒီမှာတင်ရပ်မသွားပါဘူး။မော်ဒယ်လ်မိခင်ကြီးရဲ့ သူမရဲ့အလုပ်အကိုင်လေးပြောပါအုံး ဆိုတဲ့ နောက်ဆက်တွဲ မေးခွန်းလေးကိုကြားမိတော့ အော် နာမည်လေးကမေ့နေလို့ အစဖော်သိပြီးပြီပဲ အလုပ်အကိုင်ကတော့ သူမနဲ့လည်းဆက်နွယ်နေတာပဲ သိလောက်ပါတယ်လို့ စိတ်ဖြေတွေးလေး အော်ဂင်ဖြည့်တွေးမိလိုက်ပါတယ်။ ဒါပေမယ့် .. ဒါပေမယ့်ပေါ့လေ..အောက်က ပရိသတ်တွေရဲ့ ဖြေသံတွေ အဆုံးမှာမှပဲ ဆေးကျောင်းသူလေးရဲ့ သူနာပြုဆရာမပါ ဆိုတဲ့အသံလေးကို ရင်မောစွာနဲ့ကြားလိုက်ရပါတယ်။
ည(12)နာရီလည်း ကျော်ပါပြီ။တီဗွီကိုလဲ ပိတ်ပြီးသွားပါပြီ။ ဒါပေမယ့် အော်ဂင့်မျက်လုံးတွေကတော့ မပိတ်သေး။အော်ဂင် အိပ်လို့မပျော်သေး။ဘာရယ်မဟုတ် အောင်ဆန်းဇာနည် ဆိုတဲ့ကဗျာကိုပြန်ရွတ်နေမိတယ်။ကဗျာလေးတိုသလောက် အပိုအလိုမရှိ ရင်ထဲထိမိတဲ့ ကဗျာလေးပါ။ဒါပေမယ့်လေ အော်ဂင် တွေးနေမိတာတစ်ခုရှိပါတယ်။ယခုနေများ ကဗျာဆရာကြီးတင်မိုးသက်ရှိထင်ရှားရှိနေသေးမယ်ဆိုရင် ဆရာကြီးရယ် ဒီကဗျာလေးမှာ ဗိုလ်ချုပ်မင်္ဂလာဆောင်တဲ့နေနဲ့ ဒေါ်ခင်ကြည့်နာမည်လေးဖြည့်စွက်ရေးပေးပါလို့ တောင်းဆိုမိလေမလားတော့ မပြောတက်တော့ပေ ........။ ။



လွင့်ရာဝေ( 13.2.2012 တွင်ရေးသားခဲ့သည်)

Twitter Delicious Facebook Digg Stumbleupon Favorites More