အို ... ဖခင်
အို ... ဖခင်
ကျွန်တော်တို့ မျက်လုံးတွေကို
ပခုံးပေါ်ကနေ ကျော်ပြီး
ဟိုး .. အဝေးကို မျှော်ကြည့်နေရသလိုမျိုးလား ..
အရာရာ မှုန်ဝါးဝါး
ကြာခဲ့ပြီ ဆိုပေမယ့်
ဟော့ဒီကမ္ဘာမှာ အနှိုင်းမဲ့ ဖခင် မွေးဖွားခဲ့တာ
ဘာလိုလိုနဲ့ ( ၉၆ )နှစ်ပြည့်ခဲ့ပြန်ပြီ ... ဖခင် ..
တချို့ မသိကျဘူး
တချို့ သိရဲ့နဲ့ သတိမရကျဘူး
တချို့ ကျတော့ သိရဲ့ သတိရရဲ့နဲ့
သဲကွဲစွာ မရေရွတ်နိုင်ကျဘူး
အဲ့သလိုပဲ .. ဖခင်
နေ့မထူး ညမထူး လောကမှာ
ကျွန်တော်တို့တွေရဲ့ ရပ်တည်မှုတွေကြား
မစားချင်ပဲ စားနေရတဲ့
အရသာ စပ်ခါးခါးများ
မကြားချင်ပဲ ကြားနေရတဲ့
ဦးတည်ချက် ၀တ္တရားများ
ဘယ်မှာနားလို့ ဘယ်လို စခန်းသွားရမလဲ
မပြိုလဲသေးဘူးဆိုပေမယ့်
သံမှို ဆွဲနေတဲ့ နှလုံးသားထဲတော့
သတ်ပုံ အမှားတွေပဲ ရိုက်ထည့်ခံနေရတယ် ... ဖခင် ....။
အို ... ဖခင်
ဆန္ဒတွေရုန်းကြွလို့ အထမြောက်ခွင့်ရှိခဲ့ရင်
ဟိုအရင်က ကျပ်တန်လေးတွေ
ပြန်မြင်ခွင့်ရချင်တယ်
ဟိုအရင်က ကလေးများနေ့ ဆိုတာကို
ကြုံတွေ့ဖူးချင်တယ်
ဟိုအရင်က ဆုတောင်းပွဲမျိုးတွေ
ပြန်ရင်းနီးခွင့်ရချင်တယ်
ဒါပေမယ့် ဖခင်
ခြင်္သေ့တွေကြီးစိုးတဲ့ တောအုပ်တစ်ခုရဲ့
တွန်းထိုး ရုန်းကန်နေရတဲ့
မျှော်လင့်ချက်မဲ့ ကမ္ဘာမှာ
စာနာမှုတွေ ခ၀ါချ
လွတ်လပ်ခွင့်ဆိုတဲ့ မှုန်ပျပျ ခေါင်းစဉ်အောက်မှာ
ကျွန်တော်တို့ ၀ါကျတွေ မတရားသိမ်းပိုက်ခံနေရတယ် .. ဖခင်ရယ် ..
.............................
.မတရားသိမ်းပိုက်ခံနေရတယ်ဗျာ ....။
အို .... ဖခင်
ကျွန်တော်တို့ အဇ္ဈတ္တတွေထဲက
လွင့်ပါး ပျောက်ကွယ်ခြင်းမှာ
ဖခင် ပုံရိပ်တွေ မပါဘူး ..
ဖခင်သာ ရှိနေသေးမယ် ဆိုရင်
ဖခင်ဟာ မျက်လုံးတွေ မှုန်ချင်မှုန်နေ ပါလိမ့်မယ်
ဒါပေမယ့် ကျွန်တော်တို့အတွက် အမှန်တရားကိုတော့ ထွန်းလင်းပြသနိုင်မှာပါ
ဖခင်ဟာ လမ်းတွေ လျှောက်နိုင်ချင်မှ လျှောက်နိုင်ပါလိမ့်မယ်
ဒါပေမယ့် ကျွန်တော်တို့ကိုတော့ အဖြောင့်မှန်ဆုံးလမ်းကိုတော့ ညွှန်ပြ နိုင်မှာပါ
ဖခင်ဟာ နားတွေ လေးချင်လေးနေပါလိမ့်မယ်
ဒါပေမယ့် ကျွန်တော်တို့ကိုတော့ စကားတွေနဲ့တော့ သွန်သင်နိုင်မှာပါ
ဖခင်ဟာ ခါးတွေ ကိုင်းချင်ကိုင်းနေပါလိမ့်မယ်
ဒါပေမယ့် ကျွန်တော်တို့ စိတ်ဓါတ်တွေ တည့်မတ်အောင်ပြုပြင်နိုင်မှာပါ
အို ... ဖခင်
ဖခင်ဟာ ဘာမှ မလှုပ်ရှုား မသွားလာနိုင်တော့ဘူး ဆိုရင်တောင်
ကျွန်တော်တို့ ဆန္ဒတွေကိုတော့ အကောင်းဆုံး လှုံ့ဆော်နိုင်အုံးမှာပါ ....ဖခင် ...။
အို .. ဖခင်
တမ်းတစွာ အောက်မေ့တောင်းတမြဲပါ
ဘယ်အရာမှ မမြဲဘူးဆိုတာ သိပေမယ့်
ဒီလောကထဲ နောက်ထပ်တစ်ယောက်မရှိနိုင်ဘူးဆိုတဲ့ အသိနဲ့
ခလုတ်ထိတိုင်း အမိ တ တက်တဲ့ ကလေးလို
ကျွန်တော်တို့တွေ အဖကိုလဲ တမ်းတမြဲပါ ..
ကောင်းကင်ကြီး တစ်ခုလုံး ဆိုးညစ်မဲမှောင်နေခဲ့ရင်တောင်
ကျွန်တော်တို့ ရင်ဘက်ထဲက ခေါင်းစဉ်မှာ
ဖခင် ထာဝရ ကိန်းဝပ်နေအုံးမှာပါ .... ဖခင်..
.......ထာဝရ ကိန်းဝပ်နေအုံးမှာပါဗျာ .......................။
ဗိုလ်ချုပ်အောင်ဆန်း၏ ( ၉၆ )နှစ်ပြည့် မွေးနေ့ အမှတ်တရ ကဗျာ ( လွင့်ရာဝေ ... 14.2.2011 )


10:43 PM
လွင့်ရာဝေ

Posted in:

0 comments:
Post a Comment