အလွမ်းသရုပ်ပြ ကဗျာ
ဟိုး .. ခပ်ဝေးဝေးက ငေးနေရတဲ့ ငါက
ပုံရိပ်အကြွင်းအကျန်ရဲ့
သိပ်သည်းမွန်းကျပ်
ထွန်ယက်ခြင်း မစွမ်းတဲ့ရင်ခွင်ထဲ
ပုလဲ အလို့ငှာ ကမာကောင် ရင်ခွဲပြနေရသလို
ဟော့ဒီ ... ကဗျာက
ကျွန်တော့် ဇာတာနဲ့ ဖွဲ့မှ လင်းမှာပါ .........။
ဆန္ဒတစ်ခု အတွက်
တူးဖော်မိတဲ့ သယံဇာတ
ဒီဘ၀ ဆွေးမကုန်တဲ့ ဝေဒနာတွေ
အကြင်နာဝေး
ရင်ဘက်ထဲ မွေးမြူထားတဲ့ ဒါဏ်ရာတွေ
မေ့မရအောင် သတိရလို့
သတိရအောင် မိုးထားတဲ့ ပုံရိပ်တွေ ....
ကဗျာ အတွက်
ကျွန်တော်က
နေမင်း နဲ့ ငြိတွယ် မိတယ်...
လမင်း အစွန်းမှာ သွားချိတ်မိတယ်....
တိမ်တွေကို ကစားလို့
အလွမ်းတွေ ပြန့်ပွားအောင်
ညတွေထဲ လမ်းသလားမိတယ်လေ ...........။
ထိစပ်မိတဲ့ ကာရန် တချို့တချို့မှာ
ရင်ခုန်သံက မစို့မပို့
ဝေဒနာ မို့မို့တွေ အတွက်
ရှိုက်သံတွေ ညို့ညို့ တက်လာတိုင်း
ကြယ်စင်တွေ မိုးဖွဲ့ဖွဲ့ကျဖို့ တာစူတယ်လေ .......။
ကျွန်တော်လဲ လူသားထဲက လူသားတစ်ယောက်ရယ်လေ
အဲ့ဒီတော့
ကဗျာရယ် ... သူရယ် .. ကျွန်တော်ရယ်
စခရင်ပေါ် ဆင်းသက်လာတဲ့
အသံမဲ့စကားလုံးလေးတွေရဲ့
ဒါဏ်ရာ အတိမ်အနက်တွေ ပြန်ပြန်ဖတ်
ကြယ်ကြွေသံကို မှ လက်ယက်ခေါ်နေမိတယ် ...
ကမာငိုသံ ကိုမှ ၀မ်းမြောက်နေမိတယ် ....
မာယာ တထောက်နားခဲ့တဲ့ ဘဝ
သူမညွန်းခဲ့တဲ့ ကဗျာနဲ့ သီတဲ့ ညမှာ
ကျွန်တော်က အလွမ်းလှလှ သရုပ်ပြရမယ် ... ကဗျာ ..
အလွမ်းလှလှ သရုပ်ပြရမယ် ..................။
လွင့်ရာဝေ( 1.11.2009 တွင်ရေးသားခဲ့သည် )
0 comments:
Post a Comment